ရုံးတက်ရင်း Office Syndrome ခံစားနေရပြီလား......ရုံးစားပွဲမှာတင် ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းများ 💻🧘‍♂️

Office Syndrome ဆိုတာ လုပ်ငန်းခွင်မှာ အချိန်ကြာမြင့်စွာ ထိုင်ပြီး အလုပ်လုပ်ရသူတွေမှာ အတွေ့ရများတဲ့ ရောဂါလက္ခဏာကို ခေါ်တာဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ထိုင်ပြီး အလုပ်လုပ်ခြင်းကြောင့် လည်ပင်း၊ ပခုံးနဲ့ လက်မောင်းတွေ နာကျင်ကိုက်ခဲ နေတတ်ပါတယ်။ 

ဒီလိုမဖြစ်ရအောင် ခဏတာ အချိန်ပေးပြီး လုပ်ဆောင်နိုင်မယ့် လွယ်ကူတဲ့ လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို တစ်နာရီလျှင် 1-2 ကြိမ်ပြုလုပ်နိုင်ပါတယ်။

✅ Chin Tuck လည်ပင်း လေ့ကျင့်ခန်း
အကျိုးရလဒ်– လည်ပင်းအတွင်းပိုင်းကြွက်သားများ သန်မာစေပြီး အောက်ဆီဂျင်စီးဆင်းမှု ကောင်းစေပါတယ်။

နည်းလမ်း – မတ်မတ်ထိုင်ပါ၊ မေးစေ့ကို အတွင်းဘက်သို့ ဖိ၍ “နှစ်ထပ်မေး” ပုံစံဖြစ်အောင် လုပ်ပါ။ လည်ပင်းကြွက်သားများ တင်းလာသည်ကို ခံစားရပါက ၁ မှ ၁၀ အထိ ရေတွက်ကာ အသက်ပြင်းပြင်းရှူသွင်း၊ ထုတ်ပါ။

✅ Isometric Neck လည်ပင်းကြွက်သား လေ့ကျင့်ခန်း
အကျိုးရလဒ် – လည်ပင်းကြွက်သားများကို ရှေ့၊ နောက်၊ ဘေး အားလုံးညီမျှစွာ သန်မာစေပါတယ်။
နည်းလမ်း –
ရှေ့သို့ – လက်ဝါးနှစ်ဖက်ကို နဖူးပေါ်ထပ်၍ တင်ကာ၊ ဦးခေါင်းကို မရွေ့စေရန် လည်ပင်းကြွက်သားများကို တင်းထားပြီး ၁ မှ ၁၀ အထိ ရေတွက်ပါ။
နောက်သို့ – လက်များကို ဦးခေါင်းနောက်သို့ ရွှေ့ပါ။ ဦးခေါင်းကို မရွေ့စေရန် လည်ပင်းကြွက်သားများကို တင်းထားပြီး ၁ မှ ၁၀ အထိ ရေတွက်ပါ။
ဘေးသို့ (ညာ) – ညာဘက်လက်ဖဝါးကို ဦးခေါင်း၏ ညာဘက်သို့ ကပ်ပါ။ ဦးခေါင်းကို မရွေ့စေရန် လည်ပင်းကြွက်သားများကို တင်းထားပြီး ၁ မှ ၁၀ အထိ ရေတွက်ပါ။
ဘေးသို့ (ဘယ်) – ဘယ်ဘက်လက်ဖဝါးကို ဦးခေါင်း၏ ဘယ်ဘက်သို့ ကပ်ပါ။ ဦးခေါင်းကို မရွေ့စေရန် လည်ပင်းကြွက်သားများကို တင်းထားပြီး ၁ မှ ၁၀ အထိ ရေတွက်ပါ။
သတိပြုရန် – လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ကို ပုံမှန်ရှူပါ၊ အသက်အောင့်မထားပါနဲ့။

✅ Angel Wings Exercise ပခုံးနောက်ဘက်ကြွက်သား လေ့ကျင့်ခန်း
အကျိုးရလဒ် – ပခုံးနောက်ဘက်နှင့် ကျောအလယ်ပိုင်းကြွက်သားများ သန်မာစေပါတယ်။
နည်းလမ်း – တည့်တည့်ထိုင်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ပုခုံးနှစ်ဖက်ကို ညီအောင်ညှစ်ပါ။
လက်များကို ဦးခေါင်းအထက်တွင် လက်ချင်းထိသည်အထိ မြှောက်ပါ။ လက်မောင်းများကို ပခုံးအမြင့်မှ ပြန်ဆွဲချပါ။

✅ Stretching Exercise ကြွက်သားဆန့်ထုတ် လေ့ကျင့်ခန်း
အကျိုးရလဒ် – ပခုံးနှင့် ကျောအလယ်ပိုင်း ကြွက်သားများကို ဆန့်ထုတ်ပေးပြီး လှုပ်ရှားမှု ပိုကောင်းစေပါတယ်။

နည်းလမ်း – ဘယ်ဘက်လက်ကို ညာဘက်ပခုံးပေါ် ညင်သာစွာတင်ပါ။ ညာဘက်လက်ဖြင့် ဘယ်ဘက်တံတောင်ဆစ်ကို ကိုင်ပြီး ခန္ဓာကိုယ်နှင့် ကပ်လျက် မိမိဆီသို့ ညင်သာစွာ ဆွဲယူပါ။ ၁ မှ ၁၀ အထိ ရေတွက်ပါ။ ညာဘက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။

⚠️ အလုပ်လုပ်နေစဉ် လည်ပင်း၊ ပခုံးနှင့် လက်မောင်းနာကျင်မှုများ သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီဆိုပါက ပိုပြင်းထန်တဲ့ Office Syndrome လက္ခဏာဖြစ်နိုင်ပါတယ်။ နေ့စဉ်ဘဝကို ထိခိုက်မှုမရှိစေရန် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှု ခံယူပါ။