"နီပါးဗိုင်းရပ်စ်" (Nipah Virus) အန္တရာယ်ကို သတိပြုစောင့်ကြည့်ပါ

🦠 နီပါးဗိုင်းရပ်စ်" (Nipah Virus) အန္တရာယ်ကို သတိပြုစောင့်ကြည့်ပါ

အိန္ဒိယနိုင်ငံရဲ့ အချို့ဒေသတွေမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှုသတင်းတွေ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အထူးမြှင့်တင်နေပါတယ်။ ဗိုင်းရပ်စ်အကြောင်း ကြိုတင်သိရှိထားခြင်းက သင့်ကိုယ်သင် ကာကွယ်ဖို့ ပထမဆုံးခြေလှမ်းပါပဲ။

 

🔍 နီပါးဗိုင်းရပ်စ် (Nipah Virus) ဆိုတာ ဘာလဲ

နီပါးဗိုင်းရပ်စ် (𝐍𝐢𝐩𝐚 𝐯𝐢𝐫𝐮𝐬) ကူးစက်ရောဂါဟာ တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားတဲ့ရောဂါအမျိုးအစား (Zoonosis) ဖြစ်ပါတယ်။

ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့-

📍 နီပါးဗိုင်းရပ်စ်ပိုးတွေကို Pteropodidae မျိုးနွယ်ဝင် သစ်သီးစားလင်းနို့များ (Fruit bats)မှ သဘာဝအလျောက် သယ်ဆောင်ထားကြပြီး သူတို့ရဲ့ အညစ်အကြေး သို့မဟုတ် သွားရည်နဲ့ထိတွေ့မိထားသော မသန့်ရှင်းသော အစားအစာများကို စားမိခြင်း။ 🦇
 

📍 ရောဂါပိုးရှိသော တိရစ္ဆာန်များ (လင်းနို့၊ ဝက်၊ မြင်း၊ သိုး၊ ဆိတ်) နှင့် တိုက်ရိုက်ထိတွေ့မိခြင်း။
 

📍 ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သောအရည် သို့မဟုတ် ချောင်းဆိုး၊ နှာချေရာမှတစ်ဆင့် လူအချင်းချင်း ကူးစက်ခြင်း။

⏳ ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် ၇ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။

 

🚨 သတိပြုရမည့် လက္ခဏာများ

👉 ကနဦး ခံစားရနိုင်တဲ့ ရောဂါလက္ခဏာများကတော့ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းနှင့် တုပ်ကွေးကဲ့သို့ ဝေဒနာများ ခံစားရခြင်း။

👉 ရောဂါပြင်းထန်လာပါက အဆုတ်ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ဦးနှောက်ရောင်ခြင်း၊ တက်ခြင်းနှင့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ပြန်လည်နိုးထဖို့ခက်ခဲတဲ့ သတိလစ်မေ့မျောခြင်းအဆင့်  (Coma) သို့ ရောက်ရှိသွားနိုင်ပါတယ်။ (အသက်အန္တရာယ်ရှိနိုင်ပါသည်)

 

🛡️ဘယ်လိုကာကွယ်မလဲ

✔ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။

✔ လူထူထပ်သောနေရာများ သို့မဟုတ် အန္တရာယ်ရှိသော နေရာများတွင် နှာခေါင်းစည်း (Mask) တပ်ပါ။

✔ ရောဂါပိုးရှိနိုင်သော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ 

✔တိရစ္ဆာန်ကိုက်ရာပါသော အသီးအနှံများ သို့မဟုတ် မြေကြီးပေါ်သို့ ပြုတ်ကျနေသော အသီးများကို စားသုံးခြင်းမှရှောင်ကြဉ်ပါ။ 

✔ရောဂါကူးစက်မှု ဖြစ်ပွားနေသော ဒေသများသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်ပါ။

 

💊ကုသမှုနည်းလမ်းများ

 ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ နီပါးဗိုင်းရပ်စ်အတွက် သီးသန့်ဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပါ။ လက်ရှိတွင် ရောဂါကူးစက်မှုကို လျှော့ချနိုင်ရန် (သို့) တားဆီးနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရောဂါကူးစက်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ရန်နှင့် ရောဂါပိုးနှင့် ထိတွေ့နိုင်ခြေ လျော့နည်းစေမယ့် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်း ဖြစ်ပါတယ်။  ပြင်းထန်သော လက္ခဏာများကို ထိန်းချုပ်နိုင်ရန် သေချာစွာဂရုတစိုက် ပြုစုစောင့်ရှောက်ခြင်း (Supportive Care)ကိုသာ ပေးနိုင်ပါတယ်။

အထက်ပါ သတိပေးလက္ခဏာတစ်ခုခုကို ခံစားရပါက နီးစပ်ရာဆေးရုံသို့ ချက်ချင်းပြသပါ။သတိထားနေထိုင်ပါ၊ နောက်ဆုံးရ သတင်းအချက်အလက်များကိုရှာဖတ်ပါ၊ သင့်ကိုယ်သင်နှင့် မိသားစုဝင်တွေကို ကာကွယ်ဖို့ သတိရှိရှိ နေထိုင်ကြပါစို့။ 💙