ဖိနပ်မြင့်နဲ့ အရိုးအဆစ်ပြဿနာများ 👠

ဒေါက်ဖိနပ်တွေက သင့်ကို ကြည့်ကောင်းပြီး စတိုင်ကျစေတာ မှန်ပေမဲ့၊ အချိန်အကြာကြီး စီးတာ ဒါမှမဟုတ် ဒေါက်အမြင့်ကြီးတွေ စီးတာဟာ သင့်ရဲ့ အရိုး၊ အဆစ်နဲ့ ကြွက်သားတွေအပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။

နိုင်ငံတကာ စစ်တမ်းများအရ အမျိုးသမီး ၈၀% ခန့်ဟာ ခြေထောက်နာကျင်မှု ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး ၇၅% ဟာ ဒေါက်ဖိနပ်ကြောင့် ဖြစ်နေတတ်ပါတယ်။ အလှအပအတွက် ဒေါက်ဖိနပ်မြင့်မြင့်တွေ ဝတ်ဆင်ရတာကို နှစ်သက်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ အရိုးအဆစ် ကျန်းမာရေးကို သတိပြုမိစေဖို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။

လေ့လာမှုများအရ ဒေါက်ဖိနပ်ရဲ့ အမြင့်ဟာ ၂ လက်မ (၅ စင်တီမီတာ) ထက် ကျော်လွန်သွားပါက ခန္ဓာကိုယ်မှာ အောက်ပါပြဿနာတွေ စတင်ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

အမျိုးသားများအတွက် - ဒေါက်အမြင့် ၃.၅ စင်တီမီတာထက် မကျော်သင့်ပါ။

အမျိုးသမီးများအတွက် - ဒေါက်အမြင့် ၄.၅ စင်တီမီတာထက် မကျော်သင့်ပါ။

 

📌 ၂ လက်မအထက် ဒေါက်ဖိနပ်တွေရဲ့ ဘေးထွက်ဆိုးကျိုးများကတော့ ခြေသည်းခွံ အသားထဲထိုးဝင်ခြင်း/ခြေစွယ်ငုပ်ခြင်း၊ ခြေဖဝါးကြွက်နို့ဖြစ်ခြင်း၊ ခြေဖဝါး အကြောများ ရောင်ရမ်းခြင်း၊ ခြေကျင်းဝတ်အရွတ်ရောင်ခြင်း၊ ကြွက်တက်ခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မညီမှုကြောင့် ဒူးနှင့်ကျောရိုးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒေါက်ဖိနပ်ကြောင့် ထိခိုက်ဒဏ်ရာရပါက သို့မဟုတ် ခြေကျင်းဝတ်လိမ်သွားပါက ရေခဲအုံခြင်း (တစ်ကြိမ်လျှင် ၂၀-၃၀ မိနစ်၊ တစ်နေ့ ၄-၅ ကြိမ်)၊ ထိခိုက်တဲ့ ခြေထောက်ကို မြှင့်ထားခြင်း (ခြေထောက်ကို ခေါင်းအုံးဖြင့် ခုထားပါ)၊ ခြေထောက်အသုံးပြုမှု ယာယီလျှော့ချခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ ပြင်းထန်စွာ နှိပ်နယ်ခြင်းကို မပြုလုပ်ဖို့တော့ အရေးကြီးပါတယ်။ ထို့အပြင် ခြေသလုံးကြွက်သား ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးပါ။ကိုယ်အလေးချိန်ထိန်းပါ၊ ကယ်လ်စီယမ်နှင့် အာဟာရညီညွှတ်စွာ စားသုံးပါ။

သင့်ရဲ့ ခြေထောက်တွေက သင့်ရဲ့မျှော်လင့်ချက်ပန်းတိုင်တွေဆီ ဘဝတစ်လျှောက်လုံး သယ်ဆောင်ပေးမှာမို့ သူတို့ကို အလေးထား ဂရုစိုက်ဖို့လိုအပ်ပါတယ်။